International News

အိန္ဒိယနှင့် GCC နိုင်ငံများအကြား ဒုတိယအကြိမ် အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကျင်းပ

Last Updated:

အိန္ဒိယကုန်သွယ်မှုမြှင့်တင်ရေးကောင်စီသည် ပင်လယ်ကွေ့နိုင်ငံများမှ ဝယ်လက်များနှင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအကြား ဒုတိယအကြိမ်မြောက် အိန္ဒိယ-GCC အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲ (India-GCC Buyer Seller Meet) ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နိုင်ငံ၊ ဒူဘိုင်းမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ UAE နိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ချုပ် Dr. Aman Puri နှင့်အတူ IBPC ဒူဘိုင်းအုပ်ချုပ်ရေးမှူး Mr. A Abdul Vaheed ၊ UAE နိုင်ငံ စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူးချုပ်နှင့် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကောင်စစ်ဝန် Mr. K Kalimuthu နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် အိန္ဒိယနိုင်ငံမှ ခိုင်မာသော ကုန်အမှတ်တံဆိပ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ၎င်းတို့ကို ကမ္ဘာအနှံ့မြှင့်တင်သွားရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယအစားအစာနှင့် အဖျော်ယမကာကုမ္ပဏီ(၃၈)ခုသည် အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်၊ ကာတာ၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံတို့မှ ဝယ်ယူသူ(၁၅၀)ကျော်နှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံမှ အဓိကကိုယ်စားပြုသည့် လုပ်ငန်းများတွင် ပြုပြင်ထားသော အစားအစာများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ နို့ထွက်ပစ္စည်း၊ ဆန်နှင့် အခြားသီးနှံများ၊ မုန့်များ၊ အဆာပြေနှင့် အဖျော်ယမကာများပါဝင်သည်။ လူကြိုက်များသော အိန္ဒိယ ထုတ်ကုန်အမှတ်တံဆိပ်များကိုလည်း ထုတ်ဖေါ်ပြသရန်အခွင့်အရေး ရရှိခဲ့သည်။

ဆွေးနွေးပွဲကို နှစ်ဖက်စလုံးမှ ကုမ္ပဏီများအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ကုန်သွယ်မှုတိုးမြင့်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများအကြား အစားအသောက်နှင့် အဖျော်ယမကာကုန်သွယ်မှုသည် မကြာသေးမီကာလအတွင်း တိုးတက်လာခဲ့ရာ အဆိုပါနှစ်စဉ်ကျင်းပပြုလုပ်သော အစည်းအဝေးကြောင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။ ဒူဘိုင်းမြို့သည် အစည်းအဝေးပွဲများ ကျင်းပရန်နှင့် ကုန် ပစ္စည်းပြန်လည်တင်ပို့ခြင်းအတွက် အရေးကြီးသော အချက်အချာနေရာတစ်ခုဖြစ်သည်။ ၎င်း၏တည်နေရာနှင့် အခြေခံအဆောက်အအုံများကြောင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များကို ပိုမိုကျယ်ပြန့်သော ပင်လယ်ကွေ့ဈေးကွက်များသို့ လွယ်ကူစွာရောက်ရှိစေရန် ကူညီပေးနိုင်ပါသည်။

ပါဝင်တက်ရောက်သူများသည် အိန္ဒိယနိုင်ငံတွင် ဆန်းသစ်တီထွင်ထုတ်လုပ်ထားသော အစားအစာနှင့် အဖျော်ယမကာများကို ကြည့်ရှုခဲ့ကြသည်။ ပင်လယ်ကွေ့နိုင်ငံများမှ ဝယ်သူများအတွက် ရိုးရာ၊ ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်ကုန်အသစ်များလည်း ပါရှိသည်။ အိန္ဒိယနှင့် GCC အဖွဲ့ဝင်နိုင်ငံအများအကြား ချုပ်ဆိုထားသည့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CEPA) သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ပေးပြီး၊ ကုန်သွယ်မှုကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနှင့် GCC အဖွဲ့ဝင်နိုင်ငံများအကြား နှစ်စဉ်အမေရိကန်ဒေါ်လာ(၁.၆)ဘီလီယံကျော်တန်ဖိုးရှိ စားသောက်ကုန်နှင့် အဖျော် ယမကာကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည်ဟု ဆွေးနွေးပွဲစီစဉ်သူများက ယုံကြည်ကြသည်။ လာမည့်နှစ်အနည်းငယ်အတွင်း အဆိုပါကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅)ဘီလီယံအထိ ရောက်ရှိလာမည်ဟု ရည်မှန်းထားသည်။ အဆိုပါဆွေးနွေးပွဲတွင် စီးပွားရေးချိတ်ဆက်မှုဆိုင်ရာ အပိုင်းလိုက်ဆွေးနွေးပွဲများနှင့် ကုမ္ပဏီတစ်ခုချင်း တွေ့ဆုံဆွေးနွေးပွဲအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

သုံးသပ်တင်ပြချက်

အဆိုပါဒုတိယအကြိမ်မြောက် အိန္ဒိယ-GCC အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍစီးပွားရေး တွေ့ဆုံဆွေးနွေးပွဲ(India-GCC Buyer Seller Meet)ကြောင့် ပင်လယ်ကွေ့နိုင်ငံများမှ ဝယ်လက်များနှင့် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအကြား အပြန် အလှန်ချိတ်ဆက်နိုင်ပြီး နှစ်ဦးနှစ်ဖက်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။မြန်မာနိုင်ငံအနေဖြင့်လည်း သက်ဆိုင်ရာဈေးကွက်ရှိရာ နိုင်ငံများ၌ ယခုကဲ့သို့စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများကို ပုံမှန်ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် သက်ဆိုင်ရာနိုင်ငံများမှ စီးပွား ရေးလုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအကြား ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းလာစေပြီး၊ ကုန်သွယ်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

ရည်ညွှန်း။

အိန္ဒိယကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၊ “TPCI organizes 2nd edition of India GCC Buyer Seller Meet on Food & Beverages”၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

DD News သတင်းဌာန၊ “India-GCC Buyers Sellers Meet at Dubai on Food and Beverages Boosts Trade Relations and Showcases Innovation”၊ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်။

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News